Friday, February 15, 2013

အတူမနေရင် တသီးတခြားနေပေါ့။

 ညီမောင်ပုံဖော်ကြည့်သည်။
 
ကမ္ဘာ့မြေပုံကိုကြည့်၊ သေချာကြည့်၊ ခွဲခြမ်းစိတ်ဖျာကြည့်၊ နိုင်ငံစုံကို တွေ့ရမှာမဟုတ်လား။ ဗဟုသုတမရှိဘဲနှင့်တော့ မကြည့်လေနှင့်။ အမှားအယွင်းရှိသွားနိုင်တယ်လေ။ ဘာသာတစ်မျိုးတည်းသာရှိတယ်ဆိုတဲ့နိုင်ငံ ဘယ်နှစ်နိုင်ငံတွေ့လဲ? လူမျိုးတစ်မျိုးတည်းသာ နေထိုင်တယ်ဆိုတဲ့နိုင်ငံ ဘယ်နှစ်နိုင်ငံတွေ့သလဲ? ဒါဖြင့် ဘာတွေလဲ? အမှန်အတိုင်း ပြောရမယ်နော်၊ အရှိကို အရှိအတိုင်း မြင်ရမယ်နော်။ အမြင်မသွေစေနှင့်လေ။ အမှန်ကို အမှန်အတိုင်း ပြောရမယ်နော်။ အမှန်အတိုင်းပြောမှသာ အများက လက်ခံလေမပေါ့။ အမှန်ကို အမှန်အတိုင်းမပြောသူကို ဘယ်လို သတ်မှတ်ရမလဲ?
 
လူမျိုးဆိုတာ အစုအဝေးနှင့် နေကြရတယ်။ အဲဒီနိုင်ငံတွေမှာ မတူသူတွေ ဘယ်လိုနေထိုင်ကြသလဲ။ လူဆိုတာမျိုးဟာ တစ်ဦးနှင်တစ်ဦး အားလုံး စိတ်တူကိုယ်တူဖြစ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလှပါတယ်။ တစ်အူတုံဆင်း ညီရင်းအစ်ကိုမောင်နှမတွေပင် သင့်တင့်မှုရှိတယ်ဆိုတာ ရှာမှရှားပဲ။ ဒါဖြင့် ဘယ်လိုနေထိုင်ကြမလဲ? မတည့်ပေမဲ့ အတူနေကြတာပဲဖြစ်ဖြစ်၊ တသီးတခြားနေတာပဲဖြစ်ဖြစ် အဆင်ပြေအောင်တော့ နေကြရတာပဲမဟုတ်လား။ အဆင်ပြေမှုကို ရှာကြံရတာပဲမဟုတ်လား။ ရန်သူဖြစ်အောင်လုပ်လို့ကတော့ အကျိုးတရားရယ်လို့ ဖြစ်လာမှာမဟုတ်ဘူး။ အမုန်းတရားတွေသာ များလာမယ်ဆိုရင် နေရထိုင်ရ ကျဉ်းကြပ်လာမှာပေါ့။ နှစ်ဖက်စလုံး ထိခိုက်ကြရမှာပေါ့။
 
ဒါကြောင့် တစ်ယူမသန်ဖို့လိုတယ်။ တဇောက်ကန်းဟာ ဘယ်နေရာမှ အသုံးမတည့်ဘူး။ ဒီလိုလူမျိုးတွေဟာ ပညာမဲ့တွေ၊ ငတုံးတွေ၊ အစွန်းရောက်တွေ၊ တာလီဘန်၊ အလ်ကိုင်ဒါတွေဟာ အစွန်းရောက်တွလို့ စွပ်စွဲကြတယ်။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ အငြင်းမပွားလိုပါဘူး။ တာလီဘန်သတ်တာဟာ တစ်ကြိမ်တစ်ကြိမ်မှာ တစ်ရာကျော်လောက်မရှိပါဘူး။ ဒါဖြင့်ရင် နာဇီတွေက ဂျူးခြောက်သန်းသတ်တယ်။ ကမ္ဘောဒီးယားက မိမိပြည်သူတွေ သုံးသန်းကျော်လောက်သက်တယ်။ အာဖရိကမှာ Hutu နှင့် Tutsi တို့ အပြန်အလှန် မျိုးဖြုတ်သတ်ကြတာဟာ နှစ်သန်းလောက်ရှိတယ်။ ရုရှားက ချေချင်းညှာ လူဦးရေရဲ့ ထက်ဝက် သန်းကျော်သတ်တယ်။ သတ်တဲ့လူတွေဟာ မွတ်စလင်မ်တွေ မဟုတ်ကြဘူး။ ဒါကို အမြင်ရှင်းရှင်းနဲ့ မြင်တတ်ဖို့လိုတယ်။ ဓမ္မဓိဌာန် ကျကျ တွေးတတ်ဖို့လိုတယ်။ လူသတ်မှုကျူးလွန်တယ်ဆိုတာ ကျူးလွန်သူနှင့်သာ သက်ဆိုင်တယ်။ ကျူးလွန်သူဟာ ဘယ်ဘာသာဝင်၊ ဘယ်လူမျိုးဖြစ်တယ်ဆိုတာ အကြောင်းအရင်းခံမဟုတ်ဘူး။ လူတစ်ဦးကျူးလွန်တာကို တစ်နွယ်ငင် တစ်စင်ပါတယ်လို့ ခပ်နိမ့်နိမ့်အတွေးအခေါ်မျိုးနှင့်သာ သတ်မှတ်နေမယ်ဆိုရင်တော့ မီးခိုးမဆုံး ဖြစ်နေတော့မှာပဲမဟုတ်လား? ကျူးလွန်သူနဲ့ ဘာမှမပက်သက်သူက ဘာကိုတာဝန်ယူရမှာလဲ။ ဘယ်လိုများတာဝန်ရှိနေမှာလဲ?
 
ကမ္ဘာ့ကုလသမဂ္ဂက (၁၀၊ ၁၂၊ ၁၉၄၈) ရက်နေ့မှာ “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း” ကို ထုတ်ခဲ့တယ်။ အဲဒီကြေညာစာတမ်းအပေါ် မြန်မာနိုင်ငံကလည်း အသိအမှတ်ပြု လက်မှတ်ရေးထိုးထားပြီးဖြစ်တယ်။ အဲဒီကြေညာစာတမ်းရဲ့ အပိုဒ်(၂)မှာ “လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက် (သို့တည်းမဟုတ်) လူမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့် ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြား အဆင့်အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်း မရှိစေရ” ဟု ဖော်ပြထားပါတယ်။
 
ဘယ်လောက်မျှတတဲ့ ကြေညာစာတမ်းလဲ။ အများကိုဖြစ်စေ၊ တစ်ဦးချင်းကိုဖြစ်စေ နစ်နာစေရန်အတွက် ဘာမှမပါ။ ဒီကြေညာစာတမ်းအတိုင်း တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံကို မဆိုထားဘိ။ တစ်ကမ္ဘာလုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေမှာမဟုတ်လား။ သို့ပေမဲ့လို့ ဒီကြေညာစာတမ်းအတိုင်း မဆောင်ရွက်ကြလို့ စစ်ဖြစ်ကြ၊ ပဋိပက္ခဖြစ်ကြ၊ စိတ်ဝမ်းကွဲကြ အတောမသတ်နိုင်ကြပါတကား။ လူသားဆိုတာ အခြားလူသားတစ်ဦးကို မိမိလိုပဲ လူသားတစ်ဦးဖြစ်ပါလားဆိုတဲ့ အသိအမြင် ဦးစွာရှိရပါမယ်။ ဒီထက် တစ်လှမ်းတိုးပြီး တခြားတစ်ဦးကို လူ့ကျင့်ဝတ်အတိုင်း ကျင့်ကြံမယ်ဆိုရင် ပဋိပက္ခဆိုတာ ရှိနိုင်ပါတော့မလား။ ဆင်ခြင်ဖွယ်၊ မှတ်သားဖွယ်၊ သုံးသပ်ဖွယ်။
 
၂၀၀၈ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၀)၌ နိုင်ငံသားများ၏ အခွင့်အရေးနှင့် ပက်သက်၍ ပြဌာန်းထားပါတယ်။ ဖွဲ့စည်းပုံ ဥပဒေတွင်ပါရှိသော ပြဌာန်းချက်များမှာ နိုင်ငံသားအားလုံးအတွက်ရည်ရွယ်ပြီး ပြဌာန်းထားခြင်းဖြစ်ရာ နိုင်ငံသားအားလုံးသည် ဖွဲ့စည်းပုံပါ ပြဌာန်းချက် အတိုင်း ရပိုင်ခွင့်များ ရရှိမည်ဆိုပါက အတိုင်းထက်အလွန် ၀မ်းသာပီတိ ဖြစ်ရမည်သာ။
 
နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံဥပဒေပါ ပြဌာန်းချက်နှင့်အညီ အခွင့်အရေးများကို ရပိုင်ခွင့် ရရှိရမည်မှာ အငြင်းပွားစရာပင်မလိုပါ။ မိမိရပိုင်ခွင့်ကို အပြည့်အ၀တောင်းဆို ပိုင်ခွင့်ရှိပါသည်။ မိမိအခွင့်ရေးကို တရားသဖြင့်တောင်းဆိုရာတွင် အခြားသူတစ်ဦး၏ အခွင့်အရေးကို ထိခိုက်လာမည်ဆိုပါက ဖွဲ့စည်းပုံအတိုင်း တောင်းဆိုခြင်း မဖြစ်နိုင်တော့ပါ။ ဥပဒေကိုကျော်လွန်၍ တောင်းဆိုခြင်းဖြစ်သဖြင့် တောင်းဆိုချက်သည် လျော်ကန်ညီညွတ် မျှတသည်ဟု ပြောဆို၍ မရနိုင်တော့ပါ။ ဆင်ဆင်ခြင်ခြင်နှင့် သတိထားရမည့် အချက်ဖြစ်ပါတယ်။ တစ်ဖက်သူအနေဖြင့် တရားသဖြင့် ရပိုင်ခွင့်ကို ပြောဆို၊ ကန့်ကွက် တင်ပြနေသူများသည် တစ်ယူသန်ဝါဒသမားများသာ ဖြစ်ပေမည်။ အမှန်တရားကို ရှာဖွေသူ မဖြစ်နိုင်တော့ပါ။
 
ရခိုင်ပြည်နယ်ကိုကြည့်၊ ရခိုင်ရောဂါစလို့ ပျက်စီးခြင်းငါးပါးတိုင်ခဲ့ပြီ။ ဒုက္ခသည်စခန်းကို သိန်းနဲ့ချီလို့ ရောက်ကြရပြီ။ အမှတ်ရှိသလား။ မရှိဘူး။ တစ်ယူသန်စိတ်ကို မဖျောက်နိုင်သေး။ အမြင်ကျဉ်းလို့ကတော့ လုပ်စားမရဘူးသာမှတ်။ ရခိုင်ပြည်နယ်မှာ ရခိုင် တစ်မျိုးတည်းသာနေမယ်ဆိုတဲ့ စိတ်ဓာတ် ဖြစ်နိုင်ပါ့မလား။ သမိုင်းအထောက်အထားတွေကို နောက်ကြောင်းပြန်လှည့်ပြီး စဉ်းစားဝေဖန်ကြည့်စမ်း။ အရှိကိုအရှိအတိုင်း ပြောနိုင်ရမယ်လေ။ ရခိုင် တစ်မျိုးတည်းသာ နေခဲ့တာဆိုလို့ ဘယ်သမိုင်းမှာမှ မရှိဘူး။ ပြောရဲလား။ စိန်ခေါ်တယ်။ တိမ်ပေါ် တက်ကြမလား? သမိုင်းကို လိမ်ချင်သလား။ လိမ်လို့ရောရမတဲ့လား။ သမိုင်းအထောက်အထားတွေကို နောက်ကြောင်းပြန်လှည့်ပြီး စဉ်းစားဝေဖန်ကြည့်စမ်း။ သမိုင်းကိုမသိရင် ငအပဲဖြစ်ပေမပေါ့။ သိသိကြီးနှင့် လိမ်နေတဲ့သူတွေကို ဘယ်လိုသတ်မှတ်ရမလဲ။ အရှိတရား အမှန်တရားဆိုတာ ငြင်းပယ်လို့ မသင့်တော်ပါဘူးဗျာ။
 
တစ်ဖက်သက် မျက်ကန်းမျိုးချစ်ဝါဒကိုပဲ စွဲကိုင်ခဲ့လို့။ ကျင့်သုံးခဲ့လို့ ရခိုင်ပြည်နယ်က အဖတ်ဆယ်လို့မရအောင် ပျက်စီးခဲ့ရပြီ။ ဒါတောင် အမှတ်မရှိသေး။ တစ်ယူသန်နေတုန်း။ တစ်ဖက်သတ်ပြောတုန်း။ သူများမြှောက်ပေးတာလုပ်တုန်း။ မြှောက်ပေးတဲ့သူတွေက ဘာမှမဖြစ်၊ ကိုယ်သာသေရ၊ စားရမဲ့၊ သောက်ရမဲ့ဖြစ်ရေ။ မြှောက်ပေးတဲ့သူတွေက မြှောက်ပေးဖို့လောက်ပဲ ကျွမ်းကျင်ကြတာ။ အမြှောက်ခံရသူတွေ ဒုက္ခ၊ သုက္ခဖြစ်တော့ ဘယ်သူက လာပြီးကူညီလဲ။ ဖြေရှင်းပေးလဲ။ ဘာအထောက်အပံ့ပေးလဲ။ လောက၀တ်စကားလေးတောင် ပြောဖေါ်မရဘူး မဟုတ်လား။ ဒါတောင် အမှတ်မရသေး။ အင်မတန် အသိပညာနည်းလှပါလလား။ တစ်ယူသန်စိတ် ပြင်းထန်လှပါကော။
 
ခုအခြေအနေမှာ ဘယ်သူကများ ထောက်ပံ့တာရှိလဲ။ လက်ချိုးရေလို့ရတယ်။ နိုင်ငံတော်ဖက်က ဘာထောက်ပံ့ကူညီတာရှိလဲ။ နတ္တိပါတကား၊ ဘာတာဝန်ယူလဲ၊ အစအနတောင် မတွေ့ရပါလား။ တာဝန်ယူဘို့ နေနေသာသာ၊ ဥပေက္ခာပြုထားတာ။ ဒါကို မဟာရခိုင်ခေါင်းဆောင်ကြီးများ မသိကြဘူးလား၊ သိပါတယ်ဗျာ။ ဒါပေမယ့် ရေလိုက်လွဲများသွားလို့ နောက်ကြောင်းပြန်မလှည့်နိုင်တော့ဘူးဗျို့။ ဒီတော့ မထူးဘူး ဆက်သွားရမှာဘဲလေ။ မဟုတ်ဘူးလား။ မထူးဇာတ်ကြီး ခင်းရုံပေါ့။ သန်းခေါင်ထက် ညဥ့်မနက်တော့ဘူး ရောက်တဲ့နေရာက ရပ်တန့်ပြီး စဉ်းစဉ်းစားစားနှင့် တွေးခေါ်မြော်မြင်တတ်ဘို့ ကြိုးစားဘို့ စိတ်ကူးတတ်ဘို့ မလိုအပ်ဘူးလား။ ဆင်ကန်းတောတိုးချည်းဘဲ လုပ်နေတော့မှာလား။ အတွေးမချော်ဘို့ လိုအပ်နေတဲ့အချိန်လေ။
 
အခု အကူပေးနေတာ ဘယ်နိုင်ငံတွေလဲ။ ဘယ်နိုင်ငံတွေလဲ။ ဘယ်အဖွဲ့အစည်းလဲ။ သူတို့ပေးတာကို လက်ခံနေရပြီ မဟုတ်လား? လက်မခံလို့ကောရမတဲ့လား။ ဒါဖြင့် အခြား ဘယ်သူထောက်ပံ့တာရှိလဲ။ မာနကို ခ၀ါချရပြီကော။ လှူတာကိုတော့ လက်ခံတယ်။ ဒါတောင် ကျေးဇူးစကားမဆိုမိ။ ဘာဖြစ်လို့ ၀န်လေးနေတာလဲ။ သေချာစဉ်းစားကြည့်လေ။ အဲဒီနိုင်ငံတွေက ဆက်ပြီး ပေးဦးမှာ။ လာလတ္တံရှိသေးတယ်။ နောက်တွဲမျှော် (စေတနာက အဲလောက် ကြီးမားလှတာ။ ဒါကြောင့် အစစအရာရာ ချင့်ချိန်ဘို့လိုလာပြီ။ စဉ်းစားတွေးခေါ်တတ်ဘို့လိုလာပြီ။ အတွေးမှန်ဘို့လိုလာပြီးမဟုတ်လား။
 
ကမ္ဘာ့အခြေအနေကြည့်ရမယ်လေ။ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းမှာ အုပ်စုကြီး (၂)ရပ် ပေါ်ပေါက်လာခဲ့တယ်လေ။ အနောက်အုပ်စုနှင့် အရှေ့အုပ်စု။ အနောက်အုပ်စုက ဒီမိုကရေစီနိုင်ငံများဖြစ်တယ်။ အရှေ့အုပ်စုက ဆိုရှယ်လစ် (ကွန်မြူနစ်) နိုင်ငံများ ဖြစ်တယ်။ နှစ်ဖက်စလုံး အနုမြူပိုင်ဆိုင်ကြတယ် မဟုတ်လား။ သူတို့ စစ်ဖြစ်ရင် ကမ္ဘာကြီးဘာဖြစ်သွားမလဲ။ မတွေးရဲစရာ။ ဟီရိုရှီးမား၊ နာဂါဆာကီ သင်ခန်းစာယူကြတယ်။ ငတုံးတွေမဟုတ်ဘူး။ မျက်ကန်းမျိုးချစ်၊ တစ်ယူသန်နေလို့ မရတော့ဘူး။ နှစ်ဖက်က စစ်အေးခေတ်လို့ သတ်မှတ်ကြပြီး အကောင်းဆုံးနေထိုင်ရေးဆိုပြီး လုပ်လာကြတယ်။ ဘယ်လောက် မှတ်သားစရာကောင်းလဲ။ အတုယူစရာမဟုတ်လား။
 
ခုဆိုရင် အဲဒီစိတ်ကူးအတိုင်း ပုံဖော်နိုင်ခဲ့လို့ ကမ္ဘာကြီးက အပြောင်းအလဲကြီးဖြစ်လာခဲ့တာကို မျက်မြင်ဒိဋ္ဌတွေ့မြင်ရမှာပါ။ အရှေ့အနောက် ခွဲခြားမနေကြဘဲ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံကြ။ ကုန်သွယ်ကြ။ ရင်းနှီးမြှပ်နှံကြနှင့် ဘာအတားအဆီးမှမရှိဘဲ လွတ်လပ်စွာ ဆက်သွယ်၊ ဆက်ဆံနေကြပြီ။ ဒါကြောင့် အားလုံးအဆင်ပြေနေကြပြီ။ ပဋိပက္ခ မဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားနေကြပြီ။ ပြဿနာတစ်ရပ်ကို ဆွေးနွေးစကားဝိုင်းမှာ အဖြေရှာကြပြီ။ ဒါဟာ ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာတာ မဟုတ်လား။ အားလုံး အကျိုးအမြတ်ရှိကြတယ် မဟုတ်လား။ အသီး၊ အပွင့်ကို လက်တွေ့ခံစားနေကြရပြီ မဟုတ်လား။ ဒါတွေကို မေ့ပျောက်ထားလို့ ရမလား။
 
အင်း… ရခိုင်ပြည်နယ်မှာတော့ ဒီအပြောမျိုးပဲ ထပ်ကာတလဲလဲ ပြောနေတော့မှာလား။ ဓါတ်ပြားဟောင်းကြီးက စုတ်ပြတ်သတ်နေပြီပဲ။ အကျိုးမရှိတာကိုပဲ ထည်လဲသုံးနေခြင်းအားဖြင့် အမှန်တရား ဖြစ်လာမှာ မဟုတ်ဘူး။ ကမ္ဘာအခြေအနေကို ကြည့်ရမယ်လေ။ နှိုင်းနှိုင်းယှဉ်ယှဉ် စဉ်းစားနိုင် ရမယ်လေ။ ကမ္ဘာပေါ်မှာ ခေတ်မစား ၊ ခေတ်မမှီတဲ့ အတွေးအခေါ်တွေကိုသာ ဆက်လက်ခံယူနေမယ်။ ကျင့်သုံးနေမယ်ဆိုရင်တော့ သုံးစားမရဘူးသာမှတ်လိုက်ပါ။ တစ်ပြည်နယ်လုံး မိမိ တစ်မျိုးထဲသာနေမယ်ဆိုတဲ့ အင်မတန်မှ ကျဉ်းမြောင်းလှတဲ့ အတွေးအခေါ်မျိုး မဖျောက်သရွေ့ ခင်ဗျားတို့မှာ တိုးတက်မဲ့လမ်းပိတ်သွားပြီ၊ ဆုတ်ယုတ်မှုတွေသာ တွေ့ရမယ်မှတ်။ အခြားနိုင်ငံမှာ အလုပ်မလုပ်နှင့်။ ကိုယ့်တစ်ပြည်နယ်ထဲမှာနေ၊ ရှိဂိုန်ခေတ်က ဂျပန်နိုင်ငံလို ဘာနှင့်မှ မဆက်သွယ်ဘဲ ဧကစာရီကျင့်ပေတော့။ ဒါတောင် တံခါးဖွင့်တဲ့ အမေရိကန်နိုင်ငံကရှိသေး။
 
ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်၏ အနုမြူဒဏ်ကို ဂျပန်မရှုမလှခံခဲ့ရတယ်။ စစ်ပြီးတော့ ဂျပန်တိုးတက်ဖို့အတွက် အမေရိကန်နဲ့ပဲ ပေါင်းခဲ့ရတယ် မဟုတ်လား။ ဒါကြောင့် အတူမနေရင် သီးခြားနေပေါ့ဗျာ။ ရခိုင်ပြည်နယ်တစ်ခုလုံးဟာ ခင်ဗျားတို့ပိုင်တယ်ဆိုပြီး မူပိုင်ခွင့် ရထားတာမှ မဟုတ်တာ။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းလေ။ ခင်ဗျားတို့ ထင်တိုင်းကြဲလို့ မရနိုင်ဘူး မဟုတ်လား။ မြန်မာအစိုးရကို ကျော်လွန်ပြီး တစ်ဖက်သတ် ပြောချင်တာ ပြောလို့ရမလား။ ဘိုးတော်ဘုရားလက်ထက်ကစပြီး ရခိုင် မင်းဆက်ပျောက်လို့ မြန်မာပိုင် ဖြစ်ခဲ့ရတာ မှတ်မိမှာပေါ့။ နောက်ထပ် ရခိုင်မင်းဆက်ပေါ်ဖို့ အကြောင်းမရှိတော့ဘူး။ ခင်ဗျားတို့ရော။ ကျွန်တော်တို့ရော မြန်မာအစိုးရ၏ အစီအမံအတိုင်း လိုက်နာကြရမှာမဟုတ်လား။
 
ဘကြီးတော်ဘုရားလက်ထက် (၁၈၂၄) မှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်တဲ့အခါ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းအနေနှင့် ရှိနေခဲ့တာ။ စစ်ရှုံးလို့ ရန္တပိုစာချုပ်အရ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းအနေနှင့် ရခိုင်၊ တနသာင်္ရီတို့ဟာ အစောဆုံး ကိုလိုနီဖြစ်ခဲ့တာပေါ့။ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းခဲ့တဲ့အခါ ရခိုင်၊ တနင်္သာရီအတွက်ပါထည့်ပြီး တောင်းဆိုခဲ့တယ်လေ။ ပင်လုံစာချုပ်မှာ ရခိုင်အတွက်ဆိုပြီး သီးခြား လက်မှတ်ရေး ထိုးခဲ့တာ မရှိဘူး။ မလိုဘူးလေ။ ရခိုင်က မြန်မာပိုင်အဖြစ်ကနေပြီး အသိမ်းခံရတာဖြစ်လို့ ဗိုလ်ချုပ်ဦးဆောင်ပြီး ပင်လုံစာချုပ်ချုပ်ဆိုတဲ့အခါ ရခိုင်အတွက် ဗိုလ်ချုပ်ပဲ လက်မှတ်ရေးထိုးခဲ့တာမဟုတ်လား။
 
ဒါကြောင့် ရခိုင်၊ တနင်္သာရီတို့ဟာ မြန်မာပိုင်အဖြစ်ကနေပြီး လွတ်လပ်ခဲ့ရတာမဟုတ်လား။တစ်ကယ့်တကယ်တော့လည်း အသံကွဲ မြန်မာတွေပါ။ ဒါကြောင့် ရခိုင်ပြည်နယ်ဟာ သီးခြားအနေဖြင့် ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပါ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုး ရှိသလို မူစလင်ကလည်း ရှိနေမှာပါ။ ဒါဖြင့် အတူနေလို့ မရဘူးဘဲ တစ်ဖွဖွပြောနေတော့ တစ်သီးတစ်ခြားစီခွဲပြီး နေကြရတော့မှာပေါ့။ လက်တွေ့ကျဘို့မလိုဘူးလား။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြစို့လား။ ။
 
ဆောင်းပါးရှင်ရဲ့ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.