Wednesday, February 6, 2013

www.myanmarmuslim.net မှာ ဆောင်းပါးတွေရေးသားခဲ့တဲ့ ဆရာကြီး စနေမောင်မောင်ဟာ (၅-၁-၂၀၁၃) ရက်နေ့က အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော်ခံယူ

www.myanmarmuslim.net မှာ ဆောင်းပါးတွေရေးသားခဲ့တဲ့ ဆရာကြီး စနေမောင်မောင်ဟာ (၅-၁-၂၀၁၃) ရက်နေ့က အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော်ခံယူပြီး အာခေရသ် တမလွန်ခရီးသို့ အပြီးအပိုင် ထွက်ခွါသွားပါပြီ။
 
ဆရာကြီးဟာ ပျဉ်းမနားမြို့မှာ မွေးဖွားခဲ့ပြီး ပျော်ဘွယ်မြို့တွင် မိသားစုနှင့်အတူနေထိုင်ရင်း အသက် (၅၈)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အသက် (၁၇)နှစ်အရွယ်မှာ စာပေခရီးကို စတင်လျှောက်လှမ်းခဲ့တာဖြစ်လို့ ယခုကွယ်လွန်ချိန်မှာ စာပေအသက် (၄၁)နှစ်ခန့် ရှိခဲ့ပြီ ဖြစ်ပါတယ်။
မှုခင်းသတင်းများ ရေးသားရာမှာ နာမည်ကျော်သူ တစ်ဦးဖြစ်ခဲ့ပြီး ရေးသားခဲ့သည့် သတင်းအပုတ်ရေ ခန့်မှန်း (၉၀၀၀) ကျော် ရှိခဲ့ပါတယ်။ မှုခင်းသတင်း ဖြစ်ရပ်မှန် ၀တ္ထုတိုပေါင်း (၁၀၀၀)ကျော်၊ ဆောင်းပါး (၇၀၀)ကျော် ရေးသားခဲ့သည့်အပြင် ကာတွန်း (၄၀၀)ကျော် ရေးဆွဲခဲ့သူလည်း ဖြစ်ပါတယ်။
 
ပျော်ဘွယ်မြို့နယ် စာပေစာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး စာပေနှင့်ပတ်သက်သည့် သင်တန်းများအား ဖွင့်လှစ်သင်ကြားပေးခဲ့သူ ဖြစ်ပါတယ်။အစ္စလာမ်ဘာသာနှင့် ပတ်သက်သည့် သုတေသန စာတမ်းများအား အစဉ်တစိုက် ရေးသားခဲ့သော်လည်း အစ္စလာမ့်မီဒီယာများ မရှိခဲ့၍ လူထုသို့ တင်ပြထုတ်ဝေခွင့် မကြုံခဲ့ပါ။ အစ္စလာမ်ဘာသာရေးဆိုင်ရာ ၀တ္ထုတစ်ပုဒ်သာ အစ္စလာမ့်မျက်ဝန်းစာဆောင်တွင် ပါဝင်ရေးသားခဲ့ဖူးပါတယ်။
 
ယခုကွယ်လွန်ချိန်တွင်လည်း ဆရာ့အနေဖြင့် လက်ရှိမြန်မာမွတ်စလင်မ်များအရေးအတွက် ဆောင်းပါးရှည်များ ရေးသားပေးခဲ့သော စာမူများ ကျန်ရှိခဲ့ပါသေးသည်။ဆရာ့ရဲ့ကလောင်ခွဲပေါင်းများစွာရှိခဲ့သည့်အနက် မင်းစန္ဒီ (ဒဿန) အမည်မှာ ထင်ရှားပြီး ပေါ်ဦးသစ်၊ စနေမောင်မောင် (ဘားမား) ဟူသော အမည်များဖြင့် အင်တာနက် စာပေလောကသို့ `အသံတွေကြားနေရတယ်´ဟူသော ဆောင်းပါးအား ရေးသား၍ စတင်ဝင်ရောက်လာပြီးနောက်ပိုင်း myanmarmuslim.net တွင် ဆောင်းပါးများစွာအား ရေးသားပေးခဲ့တယ်။
 
ဆရာသည် ချို့တဲ့စွာဖြင့် ဘ၀ခရီးကို ဖြတ်သန်းခဲ့ရပြီး မကွယ်လွန်မီ မျက်စေ့ခွဲစိတ်မှုအား နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ရပါတယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ အစရှိတဲ့ ဝေဒနာများ ခံစားနေရပြီး သွေးတိုးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ကြားသိရပါတယ်။ပျော်ဘွယ်မြို့၊ ရေပုံးရပ် နေအိမ်မှာ ကွယ်လွန်ခဲ့ပြီး ပျော်ဘွယ်မြို့ မကျည်းပင် ကဘာရ်စတာန် (အစ္စလာမ့်သုဿန်) မှာ သင်္ဂြိုလ်ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။
 
ဆရာ့ရဲ့ အာခေရသ် တမလွန်ခရီးမှာ မဂ်ဖေရသ် ကောင်းကျိုးချမ်းသာရဖို့ ဒိုအာပြုပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.